တစ်လတည်း ရာသီ ၂ ကြိမ်လာတာ စိုးရိမ်စရာလား
အမျိုးသမီးတိုင်းမှာ လာလည်းပူရ မလာလည်း ပူရ၊ ရက်နည်းလည်း ပူ၊ ရက်များလည်း ပူ၊ တစ်လတည်း တစ်ကြိမ်မကလည်း ပူရတဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီလာတာပါ။ ရာသီလာတာက ဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် ရာသီသွေးထိန်တာ၊ သွေးဆင်းများတာ၊ ရာသီလာချိန် ကိုက်ခဲတာ၊ တစ်လတည်း ၂ ကြိမ်ဆင်းတာတွေကိုတော့ လျစ်လျူရှု မထားနိုင်ဘဲ စိတ်ပူရတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ ပျိုပျိုအိုအို လေဒီတိုင်း စိတ်ပူကြတဲ့ တစ်လတည်း ရာသီ ၂ ကြိမ်လာတဲ့ အကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ ရာသီစက်ဝန်း
ရာသီလာတာက တစ်ယောက်နဲ့ တစ်ယောက် ရက်အပိုင်းအခြား မတူနိုင်ပါဘူး။ ၃ ရက် တိတိ သွေးဆင်းတဲ့ သူရှိသလို ၂ ရက်ပဲ သွေးဆင်းတဲ့သူ၊ ၅ ရက်သွေးဆင်းတဲ့သူဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ ရာသီလာချိန်မှာ ၇ ရက်အထိ သွေးဆင်းတာကတော့ ပုံမှန်ပါပဲ။
သွေးဆင်းတဲ့ရက် ကွာခြားနိုင်သလို ရာသီစက်ဝန်းလည်း မတူကြပါဘူး။ ၂၈ ရက် ရာသီစက်ဝန်း ရှိသလို ရက် ၃၀ နေမှ
ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ ၂၂ ရက်တစ်ကြိမ် ရာသီသွေးပေါ်တဲ့သူတွေလည်း ရှိပါတယ်။ ၃၅ ရက်ကို တစ်ခေါက် သွေးဆင်းတဲ့သူတွေလည်း ရှိပါတယ်။ လေဒီလေး အများစုကတော့ ၂၈ ရက်ရာသီစက်ဝန်းပါ။
တစ်လတည်း ရာသီ ၂ ကြိမ်လာတာ စိုးရိမ်စရာလား
၂၂ ရက် ရာသီစက်ဝန်း ပိုင်ဆိုင်ထားတဲ့ လေဒီလေးတွေက လအစမှာ တစ်ကြိမ် လကုန်ရက်မှာ တစ်ကြိမ်နဲ့ တစ်လကို ၂ ကြိမ် ရာသီသွေးဆင်းနိုင်ပါတယ်။ ဒါကပုံမှန်အနေအထားတစ်ရပ်ပါ။ တစ်လတည်း ရာသီသွေး ၂ကြိမ် လာစေနိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့ အနေအထားတွေ ရှိပါတယ်။ ကြိုတင်သိရှိ ကာကွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
သားအိမ်ထဲ အသားလုံးတည်တာ
သားအိမ်အတွင်းသား နံရံထူလာတာ ၊ သားအိမ်မှာ အလုံးတည်တာတွေက တစ်လထဲကို ရာသီ ၂ ခါလာစေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ နောက်တစ်ခုက သားအိမ်ကင်ဆာကြောင့်လည်း ပုံမှန် မဟုတ်ဘဲ သွေးတွေ ဆင်းနိုင်တာကြောင့် တစ်လတည်းမှာ ရာသီသွေး ၂ ကြိမ် ဆင်းနိုင်ပါတယ်။
သားဆက်ခြားနည်းလမ်းတွေ
သန္ဓေတားဆေး၊ ထိုးဆေး၊ သန္ဓေတားပစ္စည်းတွေကြောင့်လည်း တစ်လတည်း ရာသီသွေး နှစ်ကြိမ် ဆင်းနိုင်ပါတယ်။ ဟော်မုန်းပါတဲ့
သားဆက်ခြားနည်းတွေက ရာသီ စက်ဝန်းအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ရာသီ ထိန်သွားတာ၊ ရာသီ သွေး လုံးဝကို မပေါ်တော့တာ နဲ့ တစ်လတည်း ရာသီ ၂ ကြိမ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန် ရှိတာ
ကိုယ်ဝန်ရှိပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တာကြောင့် ရာသီသွေးရပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါ။ တစ်ခါတလေမှာ ဒီအနေအထားတွေကို သွေဖည်ပြီး ကိုယ်ဝန်ရှိနေပေမယ့် ဟော်မုန်းပြောင်းလဲမှုကြောင့် ရာသီသွေးဆင်းတာ မရပ်ခင်မှာ တစ်လတည်း ၂ ကြိမ်ဆင်းတာမျိုး ရှိနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်း ပြဿနာရှိတာ
သိုင်းရွိုက်ဟော်မုန်း များတာ၊
နည်းတာလိုမျိုး ပုံမှန် မဟုတ်တဲ့ အခြေအနေတွေက ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး သွေးဆင်းများတာ၊ တစ်လတည်း ရာသီသွေး ၂ ကြိမ်ဆင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။
သွေးဆုံးအကြိုလက္ခဏာ
သွေးဆုံးအကြိုလက္ခဏာ တစ်ရပ်က တစ်လတည်းမှာ ရာသီသွေး ၂ ကြိမ် ဆင်းတာပါ။ သွေးဆုံးခါနီးမှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲမှု အများဆုံး အချိန်ဖြစ်ပြီး ဟော်မုန်းပြောင်းလဲမှုက ရာသီစက်ဝန်းပေါ် ရိုက်ခတ်ကာ တစ်လတည်းရာသီသွေး ၂ ကြိမ်ဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
အပျိုဖော်ဝင်စ
ရာသီသွေး စစပေါ်တဲ့
အပျိုဖော်ဝင်ချိန်မှာလည်း တစ်လတည်း ရာသီသွေး ၂ ကြိမ်လာနိုင်ပါတယ်။ အကြောင်းကတော့ အပျိုဖော်ဝင်စအချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် တစ်လတည်း ရာသီ ၂ ကြိမ် လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကိုယ်အလေးချိန် ပြောင်းလဲတာ
ကိုယ်အလေးချိန် ပြောင်းလဲမှုကလည်း ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်နေပါတယ်။ အကြောင်းကတော့ ကိုယ်အလေးချိန် ပြောင်းလဲမှု နောက်မှာ ဟော်မုန်းပြောင်းလဲမှုပါ ပါလာတာကြောင့်ပါ။
ရေးသားသူ - မွန်မွန်